မြန်မာ ထမင်းဟင်းတွေ စားတိုင်း မြန်မာပြည်ကိုလည်းလွမ်း....၊ မေမေ့ကိုလည်း လွမ်း.... ပါးကွက်လေးကို
လည်း လွမ်းမိတယ်...။ အေးမြတဲ့ စေတီပုထိုးတွေနဲ့ ရင်ပြင်တော်တွေကိုလည်း တမ်းတမိတယ်....။
အပူချိန်မြင့်တက်နေတဲ့ ရာသီဥတုမှာ စိတ်နှလုံးကိုရော.... ခန္ဓာကိုယ်ကိုပါ တကယ်ကို အေးမြစေတဲ့ မြန်မာ
ပြည်ရဲ့ သာသနာရောင်ဝါ စေတီပုထိုးတော်တွေနဲ့ ဘုရားတွေကို သွားရောက်ဖူးမျှော်ချင်လှပါပြီ....
သံရုံးဝင်းထဲက ကိုကျော်စွာအိမ်ရောက်တော့ မမဉ္ဇူကလည်း မောင်လေးအရင်းလို ဆက်ဆံပြီး တခြားသံရုံး
ဝန်ထမ်းတွေကလည်း နှုတ်ဆက်....၊ နောက်ပြီး အမေရိကားကို ရောက်နေတဲ့ ၀န်ထမ်းတွေရော...၊ UN ၀န်ထမ်းတွေရော....
ကျောင်းသားတွေရော...၊ မြန်မာလိုပြောကြ၊ ဆိုကြနဲ့ အရမ်းကို အပျင်းတွေ ပြေခဲ့ရပါတယ်....။ ထမင်းစားပြီးတော့ ယုဇနလ္ဘက်
ချဉ်စပ်လေးကို ရေနွေးကြမ်းလေးနဲ့ မြည်းခဲ့ရတယ်... ခဏလေးတော့ အိမ်လွမ်းနာသက်သာသွားခဲ့ရတယ်လေ....။
ထမင်းစားပြီးလို့ ရောက်တတ်ရာရာ ပြောနေကြတုန်း ဌာနမှူးဆီက ဖုန်းဝင်လာတယ်.....
`` ဆမ် .... အမြန်ပြန်လာခဲ့ဦး မင်းသမီးကား သေနတ်ပစ်ခံရတယ်......´´
`` ဟာ.... ဘာဖြစ်သွားသေးလဲဆရာ....´´
`` လူတွေကတော့ ဘာမှ မဖြစ်ဘူး..... ကားမှာပဲ မှန်ထားတာ... မြန်မြန်လာခဲ့.....´´
`` ဟုတ် အခုလာခဲ့မယ်....ဆရာ´´ ကိုကျော်စွာနဲ့ မြန်မာ ညီအစ်ကိုတွေကို ကသောကမျော နှုတ်ဆက်ရင်း
အပြေးလေး ထွက်လာခဲ့တယ်.... ကိုကျော်စွာရဲ့ ဒရိုင်ဘာလေးက လေယာဉ်ကွင်းအထိ လိုက်ပို့တယ်...။ လေယာဉ်စီးချိန်က(၁)
နာရီနဲ့ (၁၀)မိနစ်၊ ကားစီးချိန်က (၇)မိနစ်၊ နောက် တစ်နာရီခွဲလောက်မှ ရောက်တော့မယ်....။ လေယာဉ်ကွင်းအထွက် ကားပေါ်
ကနေ ဖုန်းဆက်မေးကြည့်တော့.... မင်းသမီးက ဆီနိတ်တာရဲ့ မဲဆွယ်ပွဲကို တက်ခဲ့တာတဲ့.... Pearl မြို့တော်ခန်းမက အပြန်
လမ်းပေါ်မှာ အပစ်ခံရတာတဲ့....။ မြို့လည်ခေါင်မှာ ဘယ်လိုဖြစ်တာလဲလို့ စဉ်းစားနေမိတယ်.....။
လေဆိပ်ရောက်ပြီး လာကြိုတဲ့ ကားနဲ့ ထွက်လာတုန်း လမ်းမှာ ကားဘီးပေါက်တယ်.....။ ဘီးဖြုတ်လဲနေ
တုန်း ကားတစ်စီး လမ်းမကြီးအတိုင်း အမြန်မောင်းလာပြီး ကားပေါ်ကနေ သေနတ်နဲ့ လှမ်းပစ်တယ်....။ ဘေးကိုချက်ချင်းလှိမ့်
ချလိုက်နိုင်ပေမဲ့ ကားဘီးလဲနေတဲ့ MPD ကကောင်လေးကိုလည်း စိုးရိမ်သွားမိတယ်။ ထင်တဲ့အတိုင်းပဲ ဖြုတ်လဲနေတဲ့ကားဘီး
သေနတ်တစ်ချက်မှန်သွားတယ်...။ ကောင်လေးကတော့ ၀ပ်နေလေရဲ့... ကြည့်နေတုန်းပဲ ကားက ပြန်လှည့်လာနေပြီ. ဆောင်
ထားတဲ့ သေနတ်ကလေး အမြန်ထုတ်ပြီး လမ်းပေါ်ကို ပြေးထွက်လိုက်တယ်.... သေနတ်ပစ်ဖို့ ချိန်နေတာကကားရဲ့ဘယ်ဘက်
ရှေ့ခန်းက... ဒါကြောင့် ညာဘက်ကို လှမ်းကူးလိုက်ပြီး ဖြတ်မောင်းလာတဲ့ ကားကို အနီးကပ်ပစ်ထည့်လိုက်တယ်။ ကားကတစ်
ချက်ခါထွက်သွားပြီး တယောသောပါး ပေါင်းထွက်သွားတယ်.. သေချာပြီရှေ့ခန်းထဲက နှစ်ယောက်မှာ တစ်ယောက်ကတော့မှန်
သွားပြီး... ဒရိုင်ဘာ ကောင်လေးကို ပြေးကြည့်မိတယ်... ဘာမှ မဖြစ်လို့ တော်သေး.. (၂)မိနစ်အတွင်းမှာပဲ MPD လှည့်ကင်း
ရဲတပ်ဖွဲ့ရောက်လာတယ်.... သေနတ်နဲ့ ပစ်သွားတဲ့ကားနောက်ကိုလည်း ချက်ချင်းလိုက်သွားကြတယ်....။
`` ဘာဖြစ်သွားသေလည်း အိုင်ပီ .....´´ လှည့်ကင်းအဖွဲ့ ခေါင်းဆောင်က ပြေးဆင်းလာရင်းမေးတော့
`` ဘာမှ မဖြစ်ပါဘူးဆာဂျင် အဆင်ပြေပါတယ်. ကျွန်တော် ကားတစ်စီးလောက်လိုချင်တယ်၊ရုံးရောက်မှ
အစီရင်ခံစာ တင်လိုက်ပါ့မယ်...´´
`` ဟုတ်ကဲ့ဆရာ... ကျွန်တော်ပို့ခိုင်းလိုက်ပါ့မယ်....´´ပြောရင်း ရဲကားတစ်စီးခေါ်လိုက်တယ်...
ကားပေါ်မှာပဲ ဌာနမှူးဆီကို ဖုန်းဆက်သတင်းပို့လိုက်တယ်...၊ ဌာနမှူးလည်း စိတ်ပူသွားပြီး လိုက်လာခဲ့
မယ်လို့ပြောတော့ လိုက်လာစရာမလိုကြောင်းနဲ့ ကျွန်တော် လာနေပြီဖြစ်ကြောင်းပြန်ပြောလိုက်တယ်...
ရုံးရောက်တော့ ဌာနမှူးတော်တော် စိတ်ပူနေပုံပါပဲ... ပုခုံးကိုကိုင်ရင်း ခြေဆုံးခေါင်းဆုံးကြည့်ပြီး မေးခွန်း
တွေ တရစပ် ထုတ်တော့တာပေါ့.... ကျွန်တော်လည်း ကားနံပါတ် တတ်မထားကြောင်း... အဖြူရောင် Chevrolet- Corvette
အမျိုးအစားဖြစ်ကြောင်းနဲ့ မျက်မှန်တတ်ထားတဲ့ လူနှစ်ယောက်ပါကြောင်း..၊ တစ်ယောက်က မုတ်ဆိတ်ပါးမြိုင်းမွှေးတွေ ထူနေ
ကြောင်း... လူလတ်ပိုင်းများ ဖြစ်ကြောင်း...၊ အမေရိကန်ရုပ်များပင်ဖြစ်ကြောင်း ပြောပြလိုက်တယ်...။ဌာနမှူးသိချင်တာ ပြောပြပြီးတော့ ကျွန်တော် မင်းသမီးကားအကြောင်းမေးတယ်...။ ခန်းမက အထွက်
လမ်းကွေ့အရောက်မှာ ကားတစ်စီးကပ်လိုက်လာပြီး ဘေးချင်းကပ်ပြီး နှစ်ချက်ပစ်သွားကြောင်းမင်းသမီး မျက်နှာဖြူဖပ်ဖြူလျော်
ဖြစ်နေကြာင်း ကြောက်စိတ်ဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်ကြောင်း...၊ ဒေါ်လီနှင့်နှစ်ဦးတည်း သွားခြင်းဖြစ်ပြီး ဒေါ်လီ
က ကားမောင်းကြောင်း...၊ လူထိခိုက်မှု မရှိကြောင်း ပြောပြတယ်....။ ကားကို ရုံးဘေးမှာ ခဏထားထားကြောင်း ပြောပြတော့
ဌာနမှူးနဲ့ အတူတူ ကားကိုသွားကြည့်မိတယ်...။
ပစ်ထားတာက ဘေးမှန်တည့်တည့်ကနေ ခေါင်းလောက်ကို ညာဘက်ကနေ ပစ်သွားတာ... စတေကာ
မှန်ကို ကပ်ပစ်သွားတာ ကြွေမကျပဲနဲ့ တစ်ဘက် ဘေးမှန်ကနေပေါက်ထွက်သွားတယ်...တဲ့၊ တော်တော် အံ့သြစရာပဲ... ဆရာ့
မျက်နှာကိုကြည့်ပြီး ``ကျည်ခွံရလားဆရာ...´´လို့ မေးမိတယ်....
ဌာနမှူးက ပလပ်စတစ်လေးနဲ့ ထုတ်ထားတဲ့ ကျည်ခွံလေးတစ်ခု ထုတ်ပေးတယ်...။ ဓါတ်ခွဲခန်းကို ပို့ပြီး
ကြောင်းနဲ့ ကျည်ကော် လမ်းကြောင်းနဲ့ ကျည်ရိုက်ပုံများကို ယခင် မှုခင်းမှတ်တမ်းများမှာ ပါတဲ့ လက်နက် ရာဇ၀င်နဲ့ တိုက်ဆိုင်
စစ်ဆေးခိုင်းထားကြောင်း.... ပြောပြတယ်... ကျည်ခွံကတော့ .၃၅ ကျည်ခွံပဲ... ဒါပေမဲ့ အပေါက်က ကျယ်နေတယ်...။ ဘယ်လို
နားလည်ရမှန်းကို မသိတော့ဘူး... ။
ကျည်သွားလမ်းကြောင်းအရနည်းနည်းလေးစောင်းနေတဲ့အတွက် ဘေးချင်းကပ်မှာ ပစ်ခဲ့တာမဟုတ်ပဲနဲ့
ကားချင်းကျော်သွားမှ ပစ်ခဲ့တာလား.. နောက်တစ်ခုကလည်း ကျည်ဝင်ရာက ကြီးနေတယ်...။ ကျည်ခွံကို နမ်းကြည့်တော့လည်း
ယမ်းနံ့က မရတော့ဘူး....။ ပစ်ထားတာ နာရီပိုင်းပဲရှိသေးတဲ့ ကျည်ခွံတစ်ခုက ယမ်းနံ့ပျောက်နေတယ်... ဒါဆိုရင်ကျည်ခွံမှားပြီး
ကောက်ခဲ့ကြတာလားလို တွေးရင်း ဆရာ့မျက်နှာကို ကြည့်မိတော့... ဆရာကလည်း ဘယ်လို သဘောရလဲ ဆိုတဲ့မျက်နှာမျိုးနဲ့
ကြည့်နေတယ်...။
သာမန်မဟုတ်တဲ့ အသိစိတ်တစ်ခု စိတ်ထဲ့ကို ၀င်လာတယ်... ခက်ခဲပြီး ရှုပ်ထွေးတဲ့ ပစ်ကွင်းတစ်ခုထဲကို
မထင်မှတ်ပဲ ရောက်နေခဲ့ပြီပဲ.... ဒီဇာတ်လမ်းမှာ ဟာကွက်တွေက အများကြီး..... ဒါပေမဲ့ ဒီလို ဟာကွက်တွေကိုလည်း ကြိုဆို
ပါတယ်.... အတွေ့အကြုံကောင်းတွေ ရတတ်လို့လေ....။
No comments:
Post a Comment