Tuesday, January 15, 2013

သူတို့ဆီမှာ မစ္စစ္စပီ.... ငါတို့ဆီမှာ ဧရာဝတီ


မစ္စစ္စပီတဲ့...
အမေရိကရဲ့ ပြည်နယ်တော်တော်များ
ဖြတ်သန်းစီးဆင်းသွားတဲ့ မစ္စစ္စပီ
အရှေ့ - အနောက် ဖြောင့်တန်းခြင်း
တောင်မြောက် ကွေ့ကောက်ခြင်းများဖြင့်....
မစ္စစ္စပီ ရဲ့ နဘေးမှာ မိုးပေါ်ကို ပျံထွက်မတတ်
မားမားမတ်မတ်ရပ်နေတဲ့
တိုက်တာ အဆောက်အဦတွေ....

ခေတ်မီလှပခြင်းတွေနဲ့
အပြစ်တင်တာ မဟုတ်ပေမဲ့
တကယ်တော့ ပြုပြင်ခြင်းတွေပါပဲ......။
ဒို့ပြည်ရွာမှာတော့
သာယာစွာ စီးဆင်း
ရက်စက်ခြင်းတွေ ကန့်သတ်
မရပ်မနားပေါ့....
အသက်သွေးများကို
ဖြည့်စွက်သွားတဲ့.. ဧရာဝတီ
မြည်သံမပေး... ငြိမ့်ငြိမ့်လေးနဲ့
ဘေးကင်းစွာ စီးဆင်းနေလေရဲ့
လှပတဲ့ အရိုင်းမလေး
အလှသွေးတွေလည်း  ကြွယ်နေဆဲ.....။

မစ္စစ္စပီကို...
ဘယ်လို မှီတွယ်နေတယ် မသိပေမဲ့
ဒို့ရဲ့ ဧရာဝတီက
ဒို့ဘ၀တွေကို ဖြည့်စွမ်း
ကြင်နာခြင်း အရိပ်တွေ ဖြတ်သန်းခဲ့
ဟိုး..... လွန်ခဲ့တဲ့ ပဝေသဏီက စခဲ့တယ်။
မစ္စစ္စပီ နဲ့ ဧရာဝတီ
တူညီခြင်းတွေလည်း ရှိလေရဲ့
မတူညီခြင်းတွေလည်း ရှိလေရဲ့
တူချင်တူ မတူတူချင်နေပေါ့...
ဧရာဝတီကို ဘာနဲ့မှ မလဲနိုင်ဘူး
ဒို့အတွက်ထူးခြားလို့....
ဒို့ကို သူချစ်လို့
ကြင်နာခြင်းတွေ ပေးစွမ်းလို့
ဧရာဝတီမှာ သာယာခြင်းတွေနဲ့
လှပတဲ့ ဂန္ဓ၀င်ဇာတ်လမ်းတွေ
ဖြတ်သန်းစီးဆင်းနေလို့
မြန်မာဆိုတာ ဧရာဝတီကို အမှီပြုခဲ့လို့ပေါ့.....
ဧရာဝတီက လှတယ်
မနက်ခင်း နေခြည်မရောက်ခင်မှာ
မြူခိုးတွေ ဝေနေရင်းနဲ့
ဘ၀အတွက် ရုန်းကန်ကြရအောင်
သူစောင့်ကြိုနေခဲ့တယ်။
တကယ်တော့ မစ္စစ္စပီရေ....
မင်းလည်း လှပနေပါတယ်...
ဧရာဝတီရဲ့ အနောက်နားမှာ
ခပ်ပါးပါး မချိပြုံးလေးနဲ့ပေါ့........။
မစ္စစ္စပီမှာ...
အမှတ်ရစရာ ပုံရိပ်တွေထုဆစ်ထားခဲ့ပေမဲ့
ငါတို့ရဲ့ ဧရာဝတီအတွက်
ခံစားချက်တွေ အသက်မဲ့နေသလိုပါပဲ....
တစ်စုံတစ်ခု ဖြစ်ဖြစ်
ကျေးဇူးပြု၍
ထုဆစ်ပေးကြပါ။

No comments:

Post a Comment