မင်းသမီးရဲ့ ရိုက်ကွင်းပြီးသွားတော့ နေ့လည်စာစားချိန်ပဲ....။ မင်းသမီးတို့နဲ့ အတူတူ မစားတော့ပဲနဲ့ အပြင်
ထွက်ပြီး အကင်နဲ့ လိမ္မော်ရည်ထွက်သောက်လိုက်တယ်။ ပြီးတော့... နားချိန်။
ဘုတ်ကလေးတစ်စီး စီစဉ်ပေးလို့... တစ်ဖွဲ့လုံး လိုက်လာပြီး မစ္စစ္စပီမြစ်ထဲမှာ အတူစီးဖြစ်ကြတယ်...။ သိပ်
အဝေးကြီးတော့ မဟုတ်ပါဘူး...။ Huey P. Long တံတားကြီးနားက ကိုလန်ဘားရဲ့ အသိတစ်ယောက်ပိုင်တဲ့ ဆိပ်ကမ်းကနေ
Hale Bogg တံတားကြီး ကျော်တဲ့ အထိပေါ့ မြစ်ကွေးနှစ်ကွေ့လောက်ကျော်ကျော် စီးဖြစ်ခဲ့တယ်.....။ မြစ်ကြောင်းတလျှောက်
လေလေးတဖြူးဖြူးနဲ့ ဘေးတစ်ဘက်တစ်ချက်မှာတော့ တိုက်တာ အဆောက်အဦတွေနဲ့.... တစ်ချို့လည်း လက်ပြလို့... တစ်ချို့
လည်း စပိဘုတ်လေးတွေနဲ့ ကျော်ဖြတ်တက်သွားရင်း ပြုံးပြနှုတ်ဆက်သွားကြတယ်...။
လှေလေးစီးရင်းနဲ့ မင်းသမီးနဲ့ လက်ရန်းကိုမှီရင်း စကားတွေ ပြောဖြစ်ကြသေးတယ်....။
မစ္စစ္စပီ မြစ်ကြီးကို အမေရိကန်တွေက တော်တော် ချစ်ကြတယ်တဲ့...သူတို့ရဲ့ အလှဘုရင်မလို့ တင်စားကြ
တယ်တဲ့...။ ပြည်နယ်(၇)ခုကို ဖြတ်သန်း စီးဆင်းခဲ့တာတဲ့...။ မစ္စစ္စပီ ပြည်နယ်ကတော့ မြစ်ကြီးရဲ့ မြစ်ဝပေါ့....။ ဒီ မြစ်ကြီးကို
ဂုဏ်ပြုပြီး ၁၈၁၇ခုနှစ်မှာ အမှတ်တရ ဒင်္ဂါးသွန်းလုပ်ခဲ့တယ်လို့လဲ ပြောတယ်...။ မြစ်ကြီးရဲ့ ဖြူစင်လှပခြင်း၊ နူးညံ့ သိမ်မွေ့ခြင်း
သင်္ကေတအဖြစ် အဖြူရောင် ပန်းကလေးနဲ့လည်း ဂုဏ်ပြုထားကြတယ်တဲ့.... ။
ကျွန်တော်လည်း ပြန်ပြောပြဖြစ်ခဲ့ပါတယ်....။ ဒီမြစ်ကြီးထက် လှပတဲ့ မြစ်ကြီးတစ်စင်း မြန်မာပြည်မှာ
ရှိတယ်လို့....။ မြန်မာနိုင်ငံသားတွေက မိခင်ကြီးလို့ တင်စားကြတယ်လို့....။ ဒီမြစ်ကြီးထဲက ရေတွေကို လူတွေလည်းသောက်
သုံးကြသလို....။ စိုက်ပျိုးမြေတွေလည်း သောက်သုံးကြတယ်လို့....။ ဒီမြစ်ကြီးထဲမှာ လူတွေကစားဝတ်နေရေးနဲ့ ဘ၀ရပ်တည်
မှုအတွက် သွားလာကြရတယ်လို့....။ ဒီမြစ်ကြီးရဲ့ ဘေး ဘယ်-ညာမှာ မြန်မာဆိုတဲ့ ဂုဏ်သိက္ခာတွေ ရပ်တည်နေကြတယ်လို့...
ဒီမြစ်ကြီးက ဘယ်တော့မှလည်း စိတ်မဆိုးခဲ့တဲ့အကြောင်း.....၊ ဘယ်တော့မှလည်း လူသားတွေကို မရက်စက်ခဲ့တဲ့အကြောင်း၊
ဒီမြစ်ကြီးထဲမှာ သမိုင်းတွေကိုမြှုပ်နှံထားတဲ့ အကြောင်း....။ ဒီမြစ်ကြီးထဲမှာ ကမ္ဘာကျော်တဲ့ ဧရာဝတီ လင်းပိုင် `` Irrawaddy
Dolphin ´´ အင်္ဂလိပ် အမည် ``Ayeyawady Dolphin´´ တွေ ရှိတဲ့အကြောင်း..၊ခုနောက်ပိုင်းမှာတော့ ကမ္ဘာလှည့်ခရီးသည်
တွေ အများအပြား လာရောက်ကြကြောင်း...၊ ဧရာဝတီရဲ့ ဘေးနှစ်ဘက်မှာ မြန်မာလူမျိုးအများစု ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာရဲ့
တန်ဘိုး မဖြတ်နိုင်တဲ့ အမွေအနှစ်တွေ....၊ ပုံရိပ်တွေနဲ့ ရာဇ၀င်တွေ ရှိတဲ့အကြောင်း.....၊ ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်တဲ့ ပုဂံရှေး
ဟောင်း ယဉ်ကျေးမှု နယ်မြေလည်း ရှိတဲ့အကြောင်း....၊ ဧရာဝတီမြစ်ကြီးရဲ့ နံဘေးမှာ မြန်မာတို့ရဲ့ နောက်ဆုံးမင်းဆက် စိုးစံ
ခဲ့တဲ့ နောက်ဆုံး... နန်းတော်ကြီးလည်း ရှိကြောင်း....၊ ဧရာဝတီဟာလည်း မစ္စစ္စပီ မြစ်ကြီးလိုပဲ မြန်မာနိုင်ငံမြောက်ဖျားဒေသ
ကနေ အစပြု စီးဆင်းခဲ့လို့ မြန်မာပိုင် မြစ် စစ်စစ်ဖြစ်တဲ့အကြောင်းတွေပြောပြဖြစ်ခဲ့တယ်....။
ဒီစကားလေးတွေဆုံးတော့ မင်းသမီးက ဧရာဝတီလင်းပိုင်ကိုလဲကြားဘူးတယ်....၊ ပုဂံကိုလည်းကြား
ဘူးတယ်တဲ့...ဧရာဝတီ လင်းပိုင်ရဲ့အကြောင်းမေးလာတော့ `` Irrawaddy Dolphin ´´ ရဲ့ သိပ္ပံမျိုးစိတ်အမည်မှာ Orcaella
brevirostris ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ရေချိုဒေသများတွင် ကျက်စားနေထိုင်သည့် လင်းပိုင်များအားလုံးကို ဧရာဝတီလင်းပိုင်
Irrawaddy Dolphin ဟု ခေါ်ကြောင်း....၊ ကျောဘက်မှာ မီးခိုးရောင် (သို့မဟုတ်) အပြာရောင်သန်းတဲ့ မီးခိုးရောင်ရှိပြီး ၀မ်း
ဗိုက်က ဖြူဖျော့သော မီးခိုးရောင်ဖြစ်ကြောင်း၊ ခန္ဓာကိုယ်က သဏ္ဌာန် ရှည်မျောမျောရှိသည်။ ဦးခေါင်းက ဖရဲသီးကဲ့သို့ လုံးဝန်း
ကြောင်း၊ Irrawaddy Dolphin ကို မြန်မာနိုင်ငံတွင်တွေ့ရှိသော ငါးမျိုးစိတ်အသစ်တစ်ခုအနေဖြင့် ကမ္ဘာတွင် မှတ်တမ်းပြုခဲ့
ခြင်းဖြစ်ကြောင်း၊ အင်ဒို-ပစိဖိတ်ဒေသကြီး၏ အပူပိုင်းနှင့် သမပိုင်းဒေသရှိ ကမ်းရိုးတန်း ရေချိုရေငန်စပ်၊ ဩစတြေးလျတိုက်
မြောက်ပိုင်း၊ နယူးဂီနီ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယအရှေ့မြောက်ဒေသ ဂင်္ဂါမြစ်၊ အင်ဒိုနီးရှားနိုင်ငံ မဟာ
ခမ်မြစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဗြဟ္မပုတ္တရမြစ်၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ရှိ မဲခေါင်မြစ်ကြောင်း တစ်
လျှောက်တို့တွင်လည်း တွေ့နိုင်ကြောင်း သိသမျှ ပြောပြဖြစ်ခဲ့တယ်...။
မင်းသမီးက မကြာခင် ဒီလင်းပိုင်တွေကြောင့် မြန်မာနိုင်ငံ ထင်ရှားပြီး ကမ္ဘာလှည့်ခရီးသည်တွေတိုးလာ
လာဦးမယ်နော်... ၀မ်းသာစရာပဲ´´ တဲ့....၊ ပြောပြီးတော့ မြစ်ကြီးကို ကြည့်ရင်း သူတစ်ခုခုကို စဉ်းစားနေတယ်....။
စဉ်းစားနေရင်းက `` တစ်ခေါက်လောက်တော့ အရောက်လာခဲ့ချင်ပါတယ်၊ ဆမ် ပြောပြတဲ့ ဧရာဝတီမြစ်
ကြီးကို နမ်းရှိုက်ရင်းနဲ့..... မြန်မာလို ၀တ်ထားမဲ့ ဆမ် ရှင်းပြတဲ့ မြန်မာတွေရဲ့ အကြောင်းကို မြန်မာ့မြေပေါ်မှာ နားထောင်ချင်ပါ
တယ်သေးတယ်.....´´ တဲ့။
`` တစ်နေ့တော့ ဖြစ်ရမှာပေါ့ အီတာ...´´ ပြန်ပြောဖြစ်ခဲ့တယ်....။
`` ဒါနဲ့ ဆမ်.... ဧရာဝတီရဲ့ အမှတ်တရ ပစ္စည်းလေးတွေ မရှိဘူးလားဟင်... မစ္စစ္စပီ လိုလေ....၊ ဆမ်
ပေးတဲ့ ဧရာဝတီ အမှတ်တရလက်ဆောင်လေးကို သိမ်းထားချင်လို့....´´တဲ့။
သက်ပြင်း ပူပူကြီး တစ်ခုကို ဖြည်းဖြည်းချင်း မျှင်းချရင်း `` တစ်နေ့တော့ ဖြစ်လာမှာပေါ့ အီတာ..အခု
လောလောဆယ်တော့ ပန်းချီဆရာတွေ ဆွဲထားတဲ့ ပန်းချီကားတွေက လွဲလို့..... အသိအမှတ်ပြု အမှတ်တရ ပစ္စည်းလေးတွေ
မရှိသေးပါဘူးလို့...´´ ပြောဖြစ်ခဲ့တယ်.... ရှက်လဲ ရှက်မိပါတယ်.... အီတာကတော့....
`` အော်.... ဒီလောက် ကျေးဇူးများတဲ့ မြစ်ကြီးကို အမှတ်တရ ဂုဏ်ပြုပစ္စည်းလေးတွေ လုပ်ထား သင့်
တာပေါ့.....´´ တဲ့။ ကျွန်တော် မျက်နှာပျက်သွားတယ် ထင်တယ်... ချက်ချင်းပဲ `` ဆောရီး ဆမ်... ဒို့ ဆန္ဒစောသွားတယ်...´´တဲ့
တကယ်တော့ အီတာပြောခဲ့တာတွေက အမှန်တရားတွေပါ.... ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ မိခင်ကြီးကို မေ့နေကြတယ်
လေ....၊ ကျေးဇူးတရားတွေကို မျက်ကွယ်ပြုထားမိခဲ့ကြတယ်လေ.....။
စားတွေ ပြောရင်းနဲ့ မြစ်ကြီးကို ဖြတ်ဖောက်ထားတဲ့ Hale Bogg တံတားကြီးအောက်ကနေ ဖြတ်ပြီး
မောင်းသွားတာလည်း မသိလိုက်ဘူး...၊ ပြန်ကွေ့လာတာကိုလည်း အမှတ်တမဲ့ဖြစ်ခဲ့ရတယ်.... မိခင်ရင်ငွေ့ကို သတိရတိုင်း အ
ရာရာဟာ မှုန်ဝါးနေခဲ့တယ်လေ....။ ဒီအကြောင်းလေး မင်းသမီးကို ပြောပြတော့ သူ ဟက်ဟက် ပက်ပက် ရယ်ပြီး `` ဆမ်က
သိပ်.. နူးညံ့တာပဲ... တဲ့´´ သူ့အကြည့်နဲ့ သူ့မျက်ဝန်းတွေလည်း သိပ်ကို နူးညံ့နေတာကို ကျွန်တော် သေသေချာချာကို တွေ့မြင်
ခဲ့ရတာကို သူကတော့ မသိခဲ့ပါဘူး...။
အပြန်ကျတော့ အီတာရော... ကျွန်တော်ပါ စကား ပြောဖြစ်ခဲ့ကြဘူး.. စိတ်ထဲမှာ တစ်ခုခု ၀င်ရောက်
ခြောက်လှန့်သွားခဲ့သလို ခံစားနေရတယ်...၊ ဧရာဝတီမြစ်ကြီးရဲ့ အမှတ်တရ ပစ္စည်းတစ်ခုခုကိုလည်း စဉ်းစားလာမိတယ်.. ဘာ
ပစ္စည်းလေးဆိုရင် သင့်တော်မလဲလို့.....။
`` အီတာ... စိတ်ထဲမှာ သံသယ ဖြစ်မိတာလေး မရှိဘူးလား.....´´ ကျွန်တော် မပြန်ခင် အိမ်ရှေ့ က
မြက်ခင်းမှာ အတူတူ ထိုင်ရင်း မေးကြည့်မိတယ်.... သူကျွန်တော့်ကို သေသေချာချာကြည့်ပြီးတော့...
`` အေးအေးဆေးဆေး ပြောပြမယ် ဆမ်.... ဒီနေ့တော့ မဟုတ်သေးဘူး.... အတွေးများနေသေးလို့..
အခုဖြစ်နေတာကလေ ဘာမှန်းမသိတဲ့ မေးခွန်းတွေ မေးမဲ့ ၀င်ခွင့်စာမေးပွဲ ဖြေဆိုရဲ့လူလို ဖြစ်နေတယ်...၊ ဘာသာရပ်ဆိုင်ရာ
တွေ မဟုတ်တဲ့ အခြားမေးခွန်းတွေလိုပေါ့....၊ အီတာက တစ်ခုခုကို တည့်တည့် ရင်ဆိုင်ချင်တာ..ဘာမှန်းမသိတဲ့ ကိစ္စအတွက်
အရမ်း စိတ်ပင်ပန်းလွန်းပါတယ်....´´ ပြောရင်း မျက်နှာလေး ငိုမဲ့မဲ့ ဖြစ်သွားတယ်...။
ကျွန်တော် စဉ်းစားကြည့်မိတယ်...။ ဘယ်လောက်ပဲ ထင်ပေါ်ကြော်ကြားနေပါစေ.... အကူအကွယ်
မဲ့တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ မိသားစုကို ဆုပ်ကိုင် ခြိမ်းခြောက်ခံထားရတဲ့ ဘ၀က တော်တော် ဆိုးပါလားလို့.... ဒီလို
လေးတွေးမိတော့ အီတာကို လေးစားတဲ့ စိတ်ကလေး ဖြစ်မိသေးတယ်....။
အပြန်လမ်းမှာတော့ ဘယ်လို အန္တရာယ်ကိုပဲဖြစ်ဖြစ် မြန်မာတွေကို ချစ်တတ်တဲ့ အမေရိကန်သူလေး
အတွက် တစ်ခုခုကိုတော့ မရ ရအောင် ရင်ဆိုင်ပေးမယ်လို့..... ဒါက စေတနာလား၊ မေတ္တာလားဆိုတာတော့.... ကျွန်တော်
ဆက်ပြီး မတွေးခဲ့ပါဘူး.... တွေးစရာလည်း မလိုလို့လေ....။

No comments:
Post a Comment