Thursday, January 24, 2013

နေမင်းနှင့် လမင်းထက်သာလွန်သော...



                         ဒီနေ့..... ရေခဲမုန့်လေးတွေ့တာနဲ့ ၀ယ်ပြီး အားရပါးရ တစ်ဇွန်း ခပ်စားလိုက်တယ်...  ကျင်ကနဲဖြစ်သွားတယ်....။
စားနေတာကို ချက်ချင်းပဲ ရပ်လိုက်ရတယ်...  အော်... သွားတွေ ခံနိုင်ရည် နည်းနေပါပြီကော....လို့။
                         ဆရာကြီး သိပ္ပံမောင်ဝနဲ့  သူ့ သားလေးရဲ့ စာကလေးအကြောင်း အမေးအဖြေကဏ္ဍမှာ   အိမ်ရှေ့က ဖြတ်သွားတဲ့
အိုက်စ်ခရင်မ်သည်ကြီး ကယ်လို့ ဆရာကြီး အသက်ရှူ ချောင်သွားရတယ်ဆိုတဲ့ အကြောင်းလေး ငယ်ငယ်ကဖတ်ဖူးတော့ မဆီမဆိုင်
ကလေးငယ်လေးတွေရဲ့ စူးစမ်းတတ်တဲ့အကျင့်နဲ့ အိုက်စ်ခရင်မ်လို့ ခေါ်တဲ့ ရေခဲမုန့်လေးကို  အရွယ်သုံးပါးကြိုက်တတ်တာလေး သတိ
ရမိသေးတယ်... တကယ်တော့ ကျွန်တော်တို့ရဲ့ အသက်အရွယ်(ကျွန်တော်တို့အသက်အရွယ်တော်တော်များများကိုဆိုလိုပါတယ်) ကို
အိုက်စ်ခရင်မ်လေးတွေတောင် လက်မခံတော့ပါလားလို့....။

                          နေ့တွေ တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းလာခဲ့တဲ့ အထဲမှာ သတိသံဝေဂရစရာအဖြစ်လေးတွေကို နှစ်ကြိမ်လောက်
ဆုံဖြစ်ခဲ့ပြီးပြီ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က နားသယ်စပ်မှာ ပေါက်လာတဲ့ ဆံပင်အဖြူလေးတစ်ချောင်းကို သတိထားမိရင်း.. နောက်
ဆုံး မလိုအပ်တော့အချိန်မှာ ဆံပင်လေးတွေရဲ့ မည်းနက်ခွင့်တွေကို စွန့်လွှတ်ပေးရတယ်လို့ တစ်ခါ သတိရခဲ့ဘူးတယ်...။
                          အခုတစ်ခါ ရေခဲမုန့်လေးက သတိပေးလိုက်ပြန်ပြီ  ``ဦးကွန်ရေ... ဆံပင်တွေတင်မကဘူး.. ကျွန်တော်တို့လည်း
ခံနိုင်ရည်ကို စွန့်လွှတ်လိုက်ရပြီ....´´လို့ သွားလေးတွေကပဲ ဆိုနေသလိုလို...။
                          ရေခဲမုန့်ခွက်လေးကို ကိုင်ရင်း သက္ကရာဇ်တွေကို နောက်ပြန်  သွားကြည့်ခဲ့တယ်/ မှတ်သားလောက်စရာ.. စံတင်
လောက်စရာ... ဘုရားဟောတရားတော်တွေနဲ့လည်း မကိုက်ညီခဲ့ပါဘူး၊ နောက်ပြီး လောကသူရဲကောင်းတွေရဲ့  စံနှုန်းထဲလည်း မ၀င်
ခဲ့ဘူး...။
                         `` နေ့တွေ လတွေ နှစ်တွေကို ငါဘယ်လိုများ ဖြတ်သန်းခဲ့မိပါလိမ့်...´´ လို့ ပြန်တွေးကြည့်မိတော့ အရာရာက မှုန်
ဝါးနေဆဲပဲ.....။  ဒါဆိုရင် ကျွန်တော်က အကျိုးမဖြစ်ခဲ့တဲ့ သူ ပေါ့....
                         ဒီလို တွေးမိတော့ အားငယ်စိတ်လေး အမှန်တကယ်ဖြစ်မိခဲ့ပါရဲ့....  အားငယ်စိတ်ကိုလည်း  အကြာကြီးလက်မခံ
ထားနိုင်တဲ့ လူသားတို့ရဲ့ သဘာဝအရ အကူအကွယ်လေးတွေကို ဟိုဟိုသည်သည် တွေးရင်း ရှာဖွေနေမိတယ်....။
                        ဟူး....... တော်ပါသေးရဲ့၊ အကျိုးကြီးကြီးမားမားတွေ မလုပ်နိုင်ခဲ့ပေမဲ့လည်း သူတစ်ပါးထိခိုက်နစ်နာစေတဲ့ အပြစ်
ကြီးကြီးမားမားတွေလည်း မလုပ်ဖြစ်ခဲ့ဘူး... မလုပ်ခဲ့ဘူးပါဘူး... စိတ်ယုတ်မာနဲ့ လုပ်ခဲ့တာလည်း ပြန်စဉ်းစားလို့တောင်မရတော့.....
``တော်သေးတယ် ငါဟာသူတော်ကောင်းမဖြစ်ခဲ့သော်လည်း သူယုတ်မာတစ်ယောက်တော့ မဟုတ်ခဲ့ဘူး´´လို့ဖြေတွေးလေး တွေးရင်း
ကျေနပ်လိုက်မိတယ်....။
                          ဒီလိုလေး ပြန်တွေးမိတော့လည်း.... အားငယ်စိတ်လေးတွေ ပျောက်ပြီး ကျေနပ်စိတ်ကလေးက နှလုံးအိမ်ထဲကို
ရောက်လာပြန်ရော.... /  ဒါဘယ်သူ့ကြောင့်များလည်းလို့ အရင်းအမြစ်ကိုရှာကြည့်မိတော့...   တွေ့ပါပြီဗျာ.... ဦးကွန်ကို လူယုတ်မာ
မဖြစ်အောင် လမ်းပြခဲ့တာ မာတာ မိခင်ကြီးပဲပေါ့......။
                          အင်း.... ဘာပဲပြောပြော....  အမြဲသတိရနေတတ်ခဲ့တာကလည်း  ဒီမေမေပါပဲ...၊  ကုသိုလ်ကောင်းမှုလေးတွေ
ပြုပြီးတိုင်း ဒီ ကုသိုလ်တွေကို ထပ်တူထပ်မျှ ရစေချင်ခဲ့တာ ဒီမေမေပဲ...၊  လူငယ်ပီပီ လုပ်ချင်ရာကို လုပ်ပြီး ကိုယ့်ရဲ့ မကောင်းတဲ့အမူ
အကျင့်မှန်သမျှ အထူးသဖြင့် မေမေတားမြစ်ထားတဲ့ မကောင်းတာမှန်သမျှကို  လုံးဝမသိစေချင်ခဲ့တာလည်း ဒီမေမေပဲ..၊  နောက်ပြီး
အမြဲတမ်း ရွှင်လန်းနေစေချင်ခဲ့တာလည်း  ဒီမေမေပဲ....၊ အေးဆေးတည်ငြိမ်တဲ့ အပြုံးတွေနဲ့ ကျွန်တော့်ကို အမြဲ ကြည့်နေစေချင်တာ
လည်း ဒီမေမေပါပဲ....၊  ဒီမေမေရဲ့  ကြည်လင်သာယာတဲ့ အသံလေးနဲ့ မေတ္တာပို့ အမျှဝေနေတာကိုလည်း အမြဲကြားနေချင်မိပါတယ်။
                             ကျွန်တော့်ရဲ့ အိုမင်းလာတဲ့  ခန္ဓာကိုယ်ကြီးကို သတိထားမိလိုက်တော့   မေမေလည်း အတော်လေး အိုမင်းနေ
ခဲ့ပြီပဲ..။  အခုမေမေက တစ်သက်တာ သားသမီးတွေအပေါ် တာဝန်တွေ ကျေပွန်ခဲ့ရင်း ဘ၀ရဲ့နောက်ဆုံးလက်ကျန်အချိန်တွေကိုဖြတ်
သန်းနေပြီ...၊ မေမေ့ကို သတိရမိတော့ မေမေ့မျက်နှာနဲ့ တွဲလျှက် လမင်းကြီးကိုလည်း မြင်မိတယ်...။  မေမေက လမင်းကြီးလိုလည်း
အေးမြတယ်.... လမင်းကြီးလိုလည်း လှပတယ်... လမင်းကြီးလိုပဲ ငြိမ်းချမ်းမှုတွေကိုလည်း ပေးစွမ်းခဲ့တယ်လေ....။

                             လမင်းကြီးထက်သာတာကတော့ အကြင်နာ မေတ္တာတွေနဲ့အတူ  ချစ်စရာကောင်းတဲ့ ပုံပြင်တွေကို ကိုယ်တိုင်
အသက်သွင်းပေးတတ်ခဲ့တယ်...။  လမင်းကြီးထက်သာပြီး  စိတ်ဓါတ်ကောင်းမွန်အောင် ကိုယ်တိုင် အသက်သွင်းထားတဲ့ ပုံပြင်လေး
တွေဖြစ်တဲ့ ကျွန်တော်တို့ကိုရှင်သန်နေစေတယ်လေ။  လမင်းကြီးက နူးညံ့အေးမြတဲ့ ပုံပြင်လေးတွေကို ဖန်တီးပေးတတ်ပေမဲ့ မေမေ
ကတော့ လမင်းကြီးထက် ပိုသာတဲ့ လမင်းကြီးမပြောနိုင်ခဲ့တဲ့ ကိုယ်ချင်းစာတရားတွေရဲ့ အကြောင်း... မေတ္တာတရား၊ ကရုဏာတရား
တွေရဲ့ အကြောင်းကို  စေ့စေ့ငှငှပြောပြနိုင်ခဲ့တယ်။  ဒါဆိုရင် မေမေက လမင်းနဲ့ တူတူသလိုလိုနဲ့ လမင်းကြီးထက်သာနေပြန်ရောဗျာ။
                             နောက်တစ်ခါ မေမေ့မျက်နှာနဲ့အတူ နေမင်းကြီးကိုလည်း တွဲလျှက်မြင်မိပြန်ရော  နေမင်းကြီးဆိုတာက မနက်
အိပ်ယာထလာတဲ့ လူသားတွေကိုရော.. တိရိစ္ဆာန်တွေကိုရော... အပင်တွေကိုရော အားအင်အသစ်တွေ...၊ စိတ်ကူး အသစ်တွေနဲ့ ရှင်
သန်နိုင်ဖို့ အခွင့်အလန်းတွေ ပေးခဲ့တယ်လေ။ မေမေကတော့ အဲဒီမနက်ခင်းတွေမှာ တစ်နေ့တာ ဆောင်ရွက်ဘွယ်ရာတွေ..နောက်ပြီး
မနက်ခင်းနေရောင်ခြည်ဟာ ဗီတာမင်စီဓါတ်ကိုရရှိစေပြီး ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာတွေ မနက်အိပ်ယာထတာနဲ့
မျက်နှာသစ်တုန်းမှာပဲ... သရဏဂုဏ်တော်ကိုရွတ်ဆိုဖို့   ဘုရား...တရား...သံဃာ ရတနာသုံးပါးကို စိတ်ဖြင့်ဦးစွာ ဆည်းကပ်တတ်ဖို့၊
နောက်ပြီး သတ္တ၀ါတွေကို မေတ္တာပို့ရင်း မေတ္တာကမ္မဌာန်းကို ဆီးဖြန်းနိုင်ဖို့....  မျက်နှာသစ်ခြင်း သွားတိုက်ခြင်းစတဲ့ ကိုယ့်ကိုယ်ကိုယ်
သန့်ရှင်းစင်ကြယ်အောင် ပြုမူဆောင်ရွက်ရင်း...  အသုဘကမ္မဌာန်းကို တဒင်္ဂဖြစ်ဖြစ် ဆီးဖြန်း တတ်စေဖို့ သူ....နာကြား မှတ်သားဘူး
သမျှကို သင်ကြား ပြောဆိုတတ်ခဲ့တယ်... ဒီတော့ မနက်ခင်းမှာတင် မေမေက နေမင်းကြီးထက် သာနေတာပေါ့နော်.....။
                             ဒီလိုပါပဲ နေ့ခင်းတွေဆိုရင်လည်း နေမင်းကြီးက လောကကြီးကို အလင်းရောင်တွေ ပေးသလို မေမေက သား
သမီးတွေရဲ့ လိုအပ်ချက်တွေကို ကြည့်ရှုရင်း ဖြည့်ဆည်းပေးရင်း... လမ်းညွှန်မှာကြားရင်း ပြုစုစောင့်ရှောက်ခဲ့တာပဲပေါ့....။
                             ညနေ  နေ၀င်ရီတရောအချိန်တွေမှာလည်း နေမင်းကြီးက အလှဆုံးဖြစ်တဲ့ ပုစွန်ဆီရောင်ရယ်... လိမ္မော်ရောင်
ရယ်ရောပြွမ်းထားတဲ့ လှပတဲ့ အလင်းရောင်တွေနဲ့  တောင်ကုန်းတောင်တန်းတွေ...  ပင်လယ်ပြင်ကြီးတွေကို ငုပ်လျှိုးရင်း.... တစ်နေ့
တာရဲ့ အကောင်းအဆိုးတွေကို ရှုမြင်သုံးသပ်နိုင်အောင်အလှအပတရားတွေ သင်္ခါရတရားတွေနဲ့ နှုတ်ဆက်သွားပေမဲ့ မေမေကတော့
ညနေရောက်တိုင်း... သားသမီးတွေရဲ့ တစ်နေ့တာ အမှားအမှန်တွေ...၊ အားနည်းချက် အားသာချက်တွေကို ထောက်ပြရင်း ရေမိုးချိုး
သန့်စင်စေခြင်း၊ အစာအဟာရတွေဖြည့်တင်းပေးရင်း တစ်နေ့တာရဲ့ လှုပ်ရှားမှုကို ရပ်တန့်စေခဲ့တယ်....။
                              လောကရဲ့ သဘာဝအရ နေ့နဲ့ ညကို နေမင်းကြီးနဲ့လမင်းကြီးနဲ့ ခွဲဝေတာဝန်ထမ်းဆောင်နေကြပေမဲ့... မေမေ
ကတော့ တစ်နေ့တာကိုရော သားသမီးတွေရဲ့ အနာဂတ်ကိုရော ဘယ်သူ့ကိုမှ တာဝန်မခွဲပဲ တစ်ဦးတည်းထမ်းဆောင်ခဲ့တာပါ...။
                               ဒီလိုလေးတွေ တွေးမိစဉ်းစားမိတော့ ချစ်ရတဲ့ မေမေက နေမင်း၊ လမင်းကြီးတို့ထက် ကြီးမြတ်သော ပုဂ္ဂိုလ်
ဖြစ်ခဲ့ပြီး တွေ့မြင်ချင်စိတ်တွေ ထပ်တလဲလဲ တိုးလာမိတယ်။  အော်.... မေမေ့အပြုံးတွေကိုမမြင်မတွေ့ရတာလည်းတော်တော်တောင်
ကြာခဲ့ပြီပဲ.....။
                               မေမေကျန်းမာပါစေ... တရားဓမ္မများကိုလည်း ငြိမ်းချမ်းစွာ အားထုတ်နိုင်ပါစေ.. လို့ ဆန္ဒပြုရင်း သတိထား
မိလိုက်တော့ ခွက်ထဲက ရေခဲမုန့်လေးတွေတောင် အရည်ပျော်နေပါရောလား....

                             ကျွန်တော် အခု ရေခဲမုန့်မစားနိုင်တော့ဘူး။ သွားတွေ ကျင်လာပြီ... ဒီတော့ ရေခဲမုန့်အစား ရေခဲတုံးလေးတွေ
စိမ်ထားတဲ့ အသီးအနှံလေးတွေပဲ စားတော့မယ်လို့ စဉ်းစားဖြစ်တော့ ဘာပဲဖြစ်ဖြစ် မေမေ့ကို ရေခဲစိမ်ထားတဲ့ အသီးအနှံလေးတွေကို
တယုတယ တစ်ခါလောက်ဖြစ်ဖြစ် ခွံ့ကျွေးချင်လိုက်တာ..... မေမေ ကျန်းမာရွှင်လန်းနေပါစေဗျာ....
                                                                 (ကွန်ဆူးမား)(၂၄-၁-၂၀၁၃)

No comments:

Post a Comment