ဒီအချိန်လေးကို ရုပ်ဆိုးလှချိန်လို့ ခေါ်ကြတယ်... ဟင်ဒီ ပုံပြင်တစ်ခုထဲမှာတော့ နေ့လဲမဟုတ် ညလဲ
မဟုတ်တဲ့ အချိန်တဲ့...
အလင်းရောင်လည်း မပျောက်သေး မှောင်လည်း မမှောင်သေးတဲ့ အချိန်လေးပေါ့.... ကျွန်တော်တို့
နေထိုင်တဲ့ နေရာလေးက ပင်လယ် ကမ်းစပ်လေးလေ... ကျွန်တော်တို့ နေတဲ့ မြို့ကလေးက တောင်တန်းတွေလည်းရှိတယ်။
ပင်လယ်ကြီးလည်းရှိတယ်။ သဲသောင်ပြင်တွေလည်းရှိတယ်။ စိမ်းညို့နေတဲ့ တောအုပ်ကြီးလည်း ရှိတယ်။ နှစ်ပေါင်းများစွာ
ကြာအောင် နေလာခဲ့ပေမဲ့ နေလုံးကြီး ပင်လယ်လဲကို တိုးဝင်သွားတဲ့ အချိန်တွေကိုတစ်ခါမှ သေသေချာချာစောင့်ပြီးမကြည့်
ဖြစ်ခဲ့ပါဘူး...။
နိုင်ငံခြားသားတွေက ဒီလို နေလုံးကြီး ပင်လယ်ထဲ တိုးဝင်သွားတာကို အရသာခံပြီး ကြည့်ကြတယ်၊
Sunset တဲ့... ဒီလိုရှုခင်းတွေကို ကြည့်ပြီး ငွေကုန်ကြေးကျခံပြီးတော့လည်း မြန်မာပြည်ကို လာကြတယ်... တစ်ချို့ဆိုရင်
ပုဂံဘက်ကို သွားကြတယ်... ဧရာဝတီမြစ်ကြီးကို အလယ်မှာထားပြီး တန့်ကြည့်တောင်ကြီးကိုကျော်ပြီးကျသွားတဲ့နေမင်းကြီး
အရသာခံကြည့်ကြတယ်... မိနစ်ပိုင်းလေးပါပဲ... တကယ်တော့ နေမင်းကြီး ၀င်ရောက်သွားတာက စက္ကန့်ပိုင်းလေးပါပဲ...။
အရင်ကတော့ ဒီ Sunset ကို နားမလည်ခဲ့ဘူး...၊ မေးလည်း မမေးဖြစ်ခဲ့ပါဘူး...၊ နေ၀င်ရီတရော
အချိန်လေးက အင်မတန်လှပပြီး အင်မတန် အေးချမ်းတာတော့ သိထားခဲ့တယ်၊ အခုတော့.....
ဒီနေ့ နေ၀င် ဆည်းဆာအချိန်မှာသမီးလေးနဲ့အတူတူကမ်းစပ်ကို ရောက်လာခဲ့တယ်...။ တိုက်တိုက်
ဆိုင်ဆိုင်ပဲ နေမင်းကြီးက ပင်လယ်ပြင်ရဲ့ အနားလိုင်းကို မထိတထိလေး.... စူးရှတဲ့ အလင်းရောင်တွေကလည်း အနီရောင်နဲ့
လိမ်မော်ရောင်ကို တောက်တောက်ပပ ရောယှက်ထားတဲ့ ပုစွန်ဆီရောင် အလှအပတွေက ၀န်းကျင်တ၀ိုက်ကို လှပနေစေခဲ့
တယ်လေ...။
`` ဖေ အရမ်းလှတယ်နော်... ´´ တဲ့ သမီးလေးက နေမင်းကြီးကို ကြည့်ရင်း ကျွန်တော့် မျက်နှာကို
မကြည့်ပဲနဲ့ တိုးတိုးလေး ပြောလိုက်တယ်...။
`` ဟုတ်တယ်သမီး... နိုင်ငံခြားသားတွေက ဒီလို နေမင်းကြီး ပင်လယ်ထဲကို တဖြည်းဖြည်း ငုပ်လျှိုး
ဝင်ရောက် ပျောက်ကွယ်သွားတာကို အရာသာခံပြီး ကြည့်ကြတယ်....´´ ကျွန်တော် သမီးလေးရဲ့ ပုခုံးလေးကိုကိုင်ပြီး ပြောပြ
လိုက်တယ်... ။ သမီးက `` အော်...´´တဲ့။
`` မနက်ခင်း စောစော ထွက်တဲ့ နေရောင်ကို ရောဂါပိုးတွေ သေစေတယ်၊ ဘီတာမင် စီ ဓါတ်ရလို့
လမ်းလျှောက်တာတို့ လေ့ကျင့်ခန်းလုပ်တာတို့ လုပ်သင့်တယ်လို့ ငယ်ငယ်ကတော့ သင်ဘူးတယ်... ဒီလောက် တောက်ပပြီး
မျက်လုံးနဲ့ တည့်တည့် ကြည့်လို့ မရနိုင်တဲ့ နေမင်းကြီးကလည်း နောက်ဆုံးအချိန်ကျတော့ လှပနေတာပဲနော်... ဖေ´´
`` အင်း... ဟုတ်တယ် သမီးရဲ့၊ တကယ်တော့ နေမင်းကြီးက သူ့ရဲ့ တစ်နေ့တာကို တာဝန်တွေကျေ
ပွန်စွာနဲ့ ထမ်းဆောင်ပြီးခဲ့တာတောင်မှ နောက်ဆုံး အချိန်လေးမှာ ကျေနပ်စရာလေးကို ထားရစ်ခဲ့သေးတယ်... ဖေဖေလည်း
သမီးကို နေမင်းကြီးလိုပဲ စောင့်ရှောက်ချင်တာ သမီးရဲ့... မနက်ခင်းမှာ အားအင်အသစ်တွေကိုပေးမယ်၊ နေ့လင်းမှာတော့....
လုံလောက်တဲ့ အလင်းရောင်နဲ့ အပူချိန်တွေကိုပေးမယ်..။ နောက်ဆုံးနှုတ်ဆက်ချိန်မှာတောင်မှပဲ အလှတရားနဲ့ ကြည်နူးခြင်း
တွေကို ပေးခဲ့ချင်တယ်... သိလား´´
သမီးက ရွှန်းလဲ့နေတဲ့ မျက်ဝန်းတွေနဲ့ ပြုံးရင်း မော့ကြည့်လာတယ်။ ပြီးတော့ သူ့ပုခုံးကိုကိုင်ထားတဲ့
ကျွန်တော့်ရဲ့ လက်ကို အုပ်ကိုင်ရင်း `` ဖေက သမီးရဲ့သန်းခေါင်ယံအချိန်မှာတောင်တောက်ပပြီး ကျေနပ်နေစေမဲ့ နေမင်းကြီး
ပါ...´´ တဲ့။ ကျွန်တော် ပြုံးရင်း သမီးလေး ခေါင်းလေးကို ပွတ်ပေးလိုက်မိတယ်...။
`` ကဲ.... သမီး ဓါတ်ပုံလေးရိုက်ရအောင် ဟိုးမှာ ထိုင်လိုက်....´´ ကမ်းနားက သံတန်းလေးကို
ညွှန်ပြလိုက်တော့ သမီးလေးက လှလှပပလေး သွားထိုင်လိုက်တယ်။ သမီးကို ဓါတ်ပုံရိုက်ပေးတော့ သူ့အနောက်မှာ ၀င်လုဆဲ
နေမင်းကြီးကို ပါအောင် ထည့်ရိုက်ပေးလိုက်တယ်...။ ဒီနေမင်းကြီးရဲ့ အလှအပနဲ့ ကျေးဇူးတရားကို အကြောင်းပြုလို့.... သမီး
အပေါ်မှာ ထားတဲ့ ကျွန်တော့်ရဲ့စေတနာနဲ့ မေတ္တာတွေကို သမီး သိခွင့်ရခဲ့သလို... ကျွန်တော့်အပေါ်မှာ ထားရှိတဲ့ သမီးလေးရဲ့
ယုံကြည်အားကိုးမှုကိုလည်း ကျွန်တော် မြင်တွေ့ခွင့်ရခဲ့တယ်လေ....။
နေမင်းကြီးကတော့ တစ်နေ့လုံး ရုန်းကန်ရင်း အားလုံးကို နှုတ်ဆက်နေခဲ့ပြီ...၊ ဒီနေ့ တစ်နေ့တာ
အတွက်တော့ ကျွန်တော်တို့ လူသားတွေမှာ ပျော်ရွှင်စရာတွေ၊ ကြည်နူး ကျေနပ်စရာတွေ၊ ၀မ်းနည်းခြင်းတွေ၊ အဆင်မပြေမှု
တွေ အများကြီး ကျန်ရစ်ခဲ့မှာပါပဲ...။
မနက်ဖြန်မှာတော့ နေမင်းကြီးက အသစ်တစ်ဖန် သူ့ရဲ့ တာဝန်တွေကို ထမ်းဆောင်နေဦးမှာပါပဲ..
အဆင်ပြေခဲ့သူတွေကိုလည်း ဆက်လက်ပြီး အောင်မြင်နေစေချင်သလို၊ အဆင်မပြေတဲ့ သူတွေလည်း မနက်ဖြန်မှာ ခွန်အား
အသစ်တွေကို ရရှိပြီး အောင်မြင်စေဖို့ ဆန္ဒပြုရင်း ရိုက်ထားတဲ့ ဓါတ်ပုံလေးကို ကြည့်မိတော့.... သမီးလေးရဲ့ အနောက်မှာ ၀င်
လုဆဲ နေမင်းကြီးကိုတွေ့လိုက်ရတယ်...။ ကျွန်တော် နေမင်းကြီးလိုပဲ သမီးလေးရဲ့ အနောက်မှာ အမြဲရှိနေမှာပါ.... နေမင်းကြီး
လိုပဲ သမီးလေးကို အလှတရားတွေကို နောက်ဆုံး အချိန်အထိ ပေးစွမ်းသွားမှာပါ......။
သမီးကိုပြတော့ ဓါတ်ပုံကိုကြည့်ရင်း သမီးက ကျွန်တော့်ခါးကို ဖက်ထားလိုက်တယ်... ဒီနေ့တော့
နေမင်းကြီးကို ကျွန်တော်တို့ သားအဖ သန့်စင်တဲ့ မေတ္တာတွေကို ဖော်ထုတ်နှုတ်ဆက်နိုင်ခဲ့ကြပြီပေါ့.....။
ကျေးဇူးပါနေမင်းကြီးရေ.......။
(ကွန်ဆူးမား)(၁၇-၁-၂၀၁၃)
အားပေးနေပါတယ်နော်..
ReplyDelete