မင်းသမီးနဲ့ သူ့အဖွဲ့တွေ ခဏထိုင်နားနေတော့ ကျွန်တော်လည်း ဆိုင်အရှေ့ ဘက်ကိုထွက်လာခဲ့မိတယ်...။
လှလွန်းတဲ့ မင်းသမီးကို မြန်မာအမျိုးသားတစ်ယောက်အနေနဲ့ ကြည့်ရတာ မျက်နှာပူမိတယ်လေ.....။ ချွေးတွေနဲ့ ရွှဲရွှဲစိုနေတဲ့
အဖြူရောင် ၀တ်စုံအောက်က သူ့ရဲ့ လှပတဲ့ ခန္ဓာကိုယ်အရောင်အဆင်းတွေက မြင်ရသူ ပုရိသတွေကို ညှို့ ငင်နေသလိုပါပဲ...။
ဆိုင်ရှေ့ ပန်းခြံထောင့်က သစ်သားခုံတန်းလေးမှာ ကျောမှီကို လက်နှစ်ဘက်လုံးတင်ရင်း လျော့ရဲရဲ အနေ
အထားနဲ့ မျက်စိစုံမှိတ်ရင်း တစ်ယောက်ထဲ သွားထိုင်ရင်း နေမိတယ်...။
မျက်လုံးကို ပိတ်ထားပေမဲ့ အမြင်အာရုံမှာ.... အမျိုးသမီးနှစ်ယောက်ပေါ်လာတယ်။ တစ်ယောက်က ကျန်
ရစ်ခဲ့တဲ့ ပါးကွက်လေးနဲ့ ကောင်မလေး...၊ နောက်တစ်ယောက်က မင်းသမီးပေါ့.. သေသေချာချာ စူးစိုက်ကြည့်မိတော့ ပါးကွက်
လေးက အလင်းရောင်တွေဖြာထွက်နေတယ်... သန့်စင်ခြင်း အလင်းရောင်တွေလေ.... မင်းသမီးကတော့ ဘွိုင်းဖရန့် (၃)ဦး ရှိခဲ့
တယ်ဆိုတဲ့ ထောက်လှမ်းရေး မှတ်တမ်းအရ သန့်စင်ခြင်း အလင်းရောင်လေးတွေ ပျောက်ဆုံးနေခဲ့တယ်...။ မြန်မာ အမျိုးသား
တစ်ဦးရဲ့ အမြင်အာရုံတွေထဲမှာပေါ့......။ သူတို့ အနေနဲ့ကတော့ ဘာမှ အရေးပါတဲ့ ကိစ္စတွေ မဟုတ်ပေမဲ့... မြန်မာလူမျိုးတွေအ
တွက်တော့ ဘ၀နဲ့ ထပ်တူပါပဲ.....။
`` မျက်စိမှိတ်ထား ကလေးလေး..´´ သူဖြည်းဖြည်းလေးမှိတ်ထားလိုက်တယ်။ မေးစေ့လေးကို ဖွဖွလေး
ဆွဲယူလိုက်တော့လည်း အလိုက်သင့်လေး... အနီးကပ်ကြည့်ရတာ ၀ါဝင်းနေတဲ့ မျက်နှာလေးပေါ်မှာ အစိမ်းရောင်လေးလုနေတဲ့
မျက်ခုံးနက်နက်လေးတွေက ယူပြီး ကပ်ထားသလိုပါပဲ။ နောက်ပြီး ကော့ညွတ်နေတဲ့ မျက်တောင်ရှည်ရှည်လေးတွေ.. ပြီးတော့
ကြည်နေတဲ့ ပါးဝါ၀ါလေးတွေပေါ်က သနပ်ခါး ပါးကွက်လေးရယ်။ ပါးကွက်လေးနဲ့ မလှမ်းမကမ်းက နီထွေးနေတဲ့ နှုတ်ခမ်းဖူးဖူး
လေးတစ်စုံရယ်... ကဗျာတစ်ပုဒ်နဲ့လည်း တူနေတယ်... လပြည့်ဝန်းကြီးနဲ့လည်း တူနေတယ်.... ရင်ထဲမှာနမ်းရှိုက်ချင်လိုက်တာ
ဒါပေမဲ့ မနမ်းရှိုက်ဖြစ်ခဲ့ဘူး....။ အလှတရားလေး ထိခိုက်သွားမှာ စိုးလို့.... ကြည်လင်သန့်ရှင်းနေတဲ့ အလှလေးမှာ အရောင်တွေ
စွန်းထင်းသွားမှာ စိုးလို့ပေါ့......။
ငံ့လင့်နေတဲ့ အချိန်လေး ကျောလွန်သွားလို့ထင်တယ်... ကလေးရဲ့ မျက်လုံးလေး ပြန်ပွင့်လာတယ်... သူ
ကျွန်တော့် မျက်ဝန်းတွေကို သေသေချာချာကြည့်နေတယ်.... ပြီးတော့ မျက်နှာမှာ ပြုံးယောင်သန်းလာပြီး ရင်ခွင်ထဲကို ခေါင်း
လေး တိုးဝင်လာတယ်... လက်ကလဲ ကျောကို တင်းတင်းကျပ်ကျပ် ဖက်ထားလေရဲ့.....
`` အဲဒါကြောင့် ကိုကြီးကို ချစ်တာ... ဒါကြောင့်ကိုကြီးကို အရမ်းချစ်ရတာ´´ တဲ့.......။ လက်တစ်ဘက်က
ဖွဖွလေ ပြန်ဖက်ထားရင်းနဲ့ ကျန်တဲ့ လက်တစ်ဘက်က ကလေးရဲ့ ခေါင်းလေးကို အသာအယာလေး ပွတ်ပေးနေမိတယ်....။
`` ကိုကြီးလည်း ကလေးလေးကို အရမ်းချစ်ပါတယ်....´´ တိုးတိုးလေး ပြန်ပြောလိုက်မိတယ်.... သူ့ခေါင်း
လေးကို ပါးလေးနဲ့ ကပ်ထားရင်းနဲ့ပေါ့....။
နှုတ်ဆက်ချိန်လေးကို ပြန်ရောက်ရင်း အတိတ်က အရိပ်တွေ ပြန်မြင်နေမိတယ်။ မျက်လုံးတွေ မှိတ်ထား
ရင်းနဲ့ပေါ့...။ ဘယ်လောက်ကြာသွားလဲ သတိမထားမိခဲ့ဘူး....`` ဗြီး... ဗြီး´´ဆိုတဲ့ ဖုန်းတုန်ခါမှုကြောင့် မျက်လုံးတွေကို ဖွင့်ကြည့်
လိုက်တော့ ဌာနမှူးဆီကပဲ.....
`` ဟဲလို.... ဆာ အမိန့်ရှိပါ...´´
`` ကွန်ကရက်ကျူးလေးရှင်း ဆမ်... မင်းသိပ်တော်တယ်... ရိုမေးနီးယားက ဒို့ဌာနခွဲကို လှမ်းဆက်သွယ်
ကြည့်တာ... ကောင်လေးက သားအရင်း မဟုတ်ဘူးတဲ့..... မဒမ်ကြီးရဲ့ တူတော်တယ်တဲ့.... သားသမီးမရလို့ မွေးစားထားတာတဲ့
ဒီအတိုင်းဆိုရင် သံတမန်အခွင့်အရေးနဲ့ အကြုံးမ၀င်တော့ဘူး။ သံအမတ်ကြီးရဲ့ အထူးဧည့်သည်တော်အဖြစ် သူ့နိုင်ငံ ပြန်ရင်ပြန်
မပြန်ရင်တော့ တည်ဆဲ ဥပဒေနဲ့ အရေးယူလို့ရပြီ..... မင်းကို MPD က ညွှန်မှူးကလည်း အရမ်းကျေးဇူးတင်နေတယ်။ အားလုံး
အတွက် မင်းပေးတဲ့ နွေဦး လက်ဆောင်ပဲ ဆမ်...၊ သူက မင်းအဆင်ပြေတဲ့နေ့ ဒင်နာပေးပါဦးမယ်တဲ့... ဖုန်းနဲ့ ကျေးဇူးတင်လိုက်
ပါဦး.....´´
`` ယက်စ်ဆားး´´ အသံအကျယ်ကြီး ပြန်ပြောလိုက်တယ်... အစလေးတစ်စပေးလိုက်ရင် အဆုံးထိ ဆွဲယူ
နိုင်တဲ့ ဌာနမှူးကိုလည်း လေးစားမိပါတယ်... အရိပ်ပြရင် အကောင်ထင်တတ်တယ်လေ...။
`` ဆမ်... ပြန်ရအောင်....´´ အတွေးနဲ့ပြုံးနေတုန်း မင်းသမီးက အနားရောက်လာပြီး ပြောလိုက်တယ်.....
မွှေးပွတဘက်ကြီး ခြုံထားတဲ့ မင်းသမီးရဲ့ မျက်နှာလေးက ၀င်းမွတ်နေတာပဲ.... ဒါပေမဲ့ လှချင်တိုင်း လှလို့မရအောင်တော့ အလွှာ
ပါးပါးလေးတစ်ခုက ဖုံးအုပ်ထားတယ်ထင်တယ်...။ မိန်းမတို့ရဲ့ ဂုဏ်ဆိုတဲ့ အလွှာပါးပါးလေးပဲဖြစ်မှာပေါ့....။
လမ်းမှာ မင်းသမီးက ပြောတယ် `` မနက်ဖြန် Lake Pontchartain ရေကန်ကြီးအနားကို သွားရဦး
မယ်.. မစ္စစ္စပီ မြစ်နဲ့ ရေကန်ကြီးကြားကိုလေ..... တံတားထပ် တည့်တည့်လောက်ကို လိုက်မှာလား ဆမ်....´´
ပြုံးစစ မျက်နှာပေးနဲ့ ပြောလာတဲ့ မင်းသမီးကို ငဲ့ကြည့်ရင်း `` ဘယ်နေရာလဲ...´´ လို့ ပြန်မေးလိုက်တယ်
`` Coco Cola ကုမ္ပဏီ ကိုလေ... ကြော်ငြာ သွားရိုက်မလို့ လိုက်မယ် မဟုတ်လားဆမ်... ပြီးရင် မြစ်ထဲမှာ Speed Boat လေး
စီးကြမယ်..... လေ။
`` အင်း... ´´ လို့ အကြောင်းပြန်ပြီး ကားကိုဆက်မောင်းလာခဲ့တယ်....။ မင်းသမီးရဲ့ Body Guard ဂျူတီကို
တရားဝင် လွှဲမယူရသေးခင်မှာပဲ.... ကိုယ်ရေး အတွင်းရေးမှူးလို ဖြစ်နေပါလားလို့... စဉ်းစားမိသေးတယ်။
အသက် အန္တရာယ်ကို ကာကွယ်ဖို့အတွက် ငှားရမ်းထားတဲ့ ကိုယ်ရံတော် သက်တော်စောင့်ကို ယုံကြည်မှု
အကဲစမ်းနေရမည့်အချိန်တွင် ဘာကိုမျှ ဂရုမပြုပဲ ဘွိုင်းဖရန့် တစ်ဦးလို ပျော်ရွှင်စွာဆက်ဆံနေသော မင်းသမီးကိုလည်း သိပ်နား
မလည်နိုင်ခဲ့။
ထူးဆန်းတာက မင်းသမီးနဲ့ ပတ်သက်တဲ့ မသင်္ကာဘွယ်ရာတွေကို ဌာနမှူးကလည်း ထင်မြင်ချက်မပေးဘူး
မင်းသမီးကလည်း အလေးအနက်မထားဘူး.... ဒီအခြေအနေကြားထဲမှာ ကျွန်တော့်ကို ထိန်ချန်ထားတာ ရှိနေပုံပါပဲ....။
`` ဒါနဲ့ အီတာက ဘယ်ဇာတိလဲ.....´´
`` အိုကလာဟိုးမားကပါ.... ´´ အသံနည်းနည်းတိုးသဖြင့် ကျွန်တော်လှည့်ကြည့်လိုက်မိသည်။ သူ့မျက်ဝန်း
ရီဝေေ၀များကို ကို ကြည့်ခြင်းအားဖြင့် ကြည်နူးနေသော ဖြစ်ရပ်များကို ချက်ချင်း ဆွဲလှည့်နိုင်လောက်သည့် ခံစားချက် တစ်ရပ်
အိုကလာဟိုးမားတွင် ရှိနေကြောင်း ကျွန်တော် သိလိုက်ပြီလေ....။
`` အဲဒီမှာ ဘယ်သူရှိသေးလဲ အီတာ.... မိသားစုလေ....´´ သူစောင်းငဲ့ကြည့်ရင်..... `` မာမီရယ်... အသက်
(၂၀)အရွယ် မောင်လေးတစ်ယောက်ရယ်... ရှိသေးတယ်...။ အိုင်ကတော့ မပြန်ဖြစ်ပါဘူး.... တစ်ခါတလေ မာမီလာတယ်.. တစ်
ခါတလေလည်း မောင်လေးလာပါတယ်... ငွေကြေးလည်း စိတ်ပူစရာမရှိပါဘူး...´´ ဖြေလျော့ခြင်များဖြင့် တိုးလျလျစကားသံတွေ
ကြားထဲမှာ... တစ်စုံတစ်ခု ရှိနေတာကို တွေ့လိုက်ရပြီ.....။ ပြန်ရောက်မှ ဌာနမှူးကို ဖုန်းဆက်မေးရတော့မယ်...။ ဘာမှ သေသေ
ချာချာ မသိရသေးပဲနဲ့ သက်တော်စောင့်တာဝန်ကို ထမ်းဆောင်ဖို့ကတော့ မဖြစ်နိုင်တဲ့ အရာပဲလေ....။
`` ပြောပြမယ်ကွာ.... ပြောပြမယ်......။ လွန်ခဲ့တဲ့ (၂)လလောက်က မင်းသမီးဆီကို နံပါတ်ဖျောက်ထားတဲ့
ဂြိုလ်တုဖုန်းနဲ့ ဆက်သွယ်လာတယ်.... မင်းသမီးတစ်နေကုန် လုပ်တာ ကိုင်တာတွေကိုလည်း ပြောပြတယ်...။ ပြီးတော့ အိုကလာ
ဟိုးမားက မိသားစုအကြောင်းလည်း ပြောပြတယ်....။ မင်းသမီးရဲ့ ငယ်ဘ၀အကြောင်းလည်း ပြောပြတယ်....။ နောက်ပြီး တစ်ခု
ပြောလာတယ်.... သူတို့က ငွေလိုတဲ့ အဖွဲ့လည်း မဟုတ်ဘူး.....၊ လူသတ်ချင်တဲ့ သူတွေလည်း မဟုတ်ပါဘူးတဲ့.... မကြာခင်မှာ
မင်းသမီးကို အကူအညီတစ်ခု တောင်းစရာရှိတယ်တဲ့...။ ပြန်ဆက်သွယ်ပါ့မယ်တဲ့..။ အေးအေးလူလူ ကူညီပေးရင် ဘာပြဿနာမှ
မရှိပေမဲ့.... အဆင်မပြေရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်သွားနိုင်တယ်လို့ ပြောလာခဲ့တယ်....´´
`` ဟုတ်.... ဆက်ပြောလေ.... ဆရာ´´
`` သူပြောတာကို စဉ်းစားထားပေးပါတဲ့.... နောက် (၃)ရက်နေရင် ပြန်ဆက်သွယ်ပါ့မယ်တဲ့....၊ ဒီလိုနဲ့ကွာ
နောက်(၃)ရက်ကြာတော့ တစ်ခါဆက်သွယ်လာတယ်...၊ မင်းသမီးကလည်း ပေါက်ပေါက်မြောက်မြောက် ပြောနေတယ်ထင်ပြီးသူ့
ကို မနှောင့်ယှက်ပါနဲ့ပေါ့.....။ ဘာကိုမှလည်း သဘော မတူနိုင်ပါဘူးလို့ ပြောလိုက်တယ်တဲ့....´´
`` ဟုတ် ဆက်ပြောပါ ဆရာ.....´´
`` အဲဒီလိုပြောတော့ တစ်ဘက်က ဒါဆိုရင် ခင်ဗျား ယုံကြည်အောင် လုပ်ပြရမှာပေါ့....။ ခင်ဗျားရဲ့ MPD က
ကိုယ်ရံတော် အင်စပက်တာကို နမူနာပြမယ်.... နောက် ရက်(၂၀)အတွင်းလို့ ပြောသွားတယ်တဲ့....၊ နောက်တော့ သူ့ကိုယ်ရံတော်
ကားအက်ဆီးဒင့်နဲ့ ဆုံးသွားတယ်.....။ အဲဒီနေ့မှာ ဖုန်းထပ်ဝင်လာတယ်တဲ့...။ ကျွန်တော်တို့ ပြောတာကို မင်းသမီးအနေနဲ့လက်
ခံတယ်လို့ ယူဆပါတယ်တဲ့...။ ခင်ဗျားရဲ့ အမေနဲ့ မောင်လေး သနားစရာကောင်းပါတယ်။ နောက်ပြီး ခင်ဗျားအတွက်လည်း စိုးရိမ်
မိတယ်... လို့ ပြောသွားတယ်တဲ့....၊ ကဲ.... မစ္စတာ ဆမ်.... ဒါကတော့ ကျွန်တော် သိသမျှ အကုန်ပါပဲ.....´´
ဌာနမှူး ဖုန်းချသွားတော့ စဉ်းစားစရာတွေ တစ်ပုံ တစ်ပင်နဲ့ ကျန်ရစ်ခဲ့တယ်...သူတို့ကငွေလိုတဲ့အဖွဲ့လည်း
မဟုတ်ဘူး.....၊ လူသတ်ချင်တဲ့ သူတွေလည်း မဟုတ်ပါဘူးတဲ့....၊ မင်းသမီးကို အကူအညီတောင်းစရာရှိတယ်တဲ့... ကိုယ်ရံတော်
ကလည်း ကားအက်ဆီးဒင့်နဲ့ ဆုံးတယ်.....။ သေနတ်နဲ့ ပစ်ခဲ့တာ မဟုတ်ဘူး...။
ဆက်စပ်တွေးကြည့်တော့.... ငွေလိုချင်တဲ့ ဒုစရိုက်သမား မဟုတ်ဘူး.... ဒါဆိုရင်....။
လူသတ်ချင်တဲ့သူတွေလည်း မဟုတ်ဘူး..... ဒါဆိုရင်.....။
မင်းသမီးကို အကူအညီတောင်းတာ..... ဒါကဘာလဲ။
ကိုယ်ရံတော်ကို သေနတ်မသုံးပဲ သေအောင် သတ်သွားတယ်... ဒီတော့...။

No comments:
Post a Comment